နှောင်းရစ်မြေခြာ
##########
- ဆင်ဖြူကျွန်းအောင်သိန်း
တညတာ၏ ကုန်ဆုံးချိန်ကို တလက်လက်ထွက်ပေါ်မြင့်တက်လာသော ကြယ်နီကြီးက ညဥ့်မှတ်တိုင်အဖြစ် ဖော်ပြနေပေသည်။ ရင့်ရူနီမောင်းသော ကြယ်နီကြီးမှာ တဖြည်းဖြည်း ဖြူစွတ်ပ၀င်းလာရင်း မြင့်တက်လာကာ အရှေ့ဘက်၌ အရုဏ်၏ အရိပ်တို့ ပြိုဆင်းလာခဲ့၏။ ရမ်းဘိုကုန်းရွာ လယ်မှ ကင်ပွန်းခါးပင်နှင့် မန်းကျည်းပင်တို့သည် ငိုက်မျဉ်းနေကြ၏။ တို့နိုင် နော့နိုင်လွန်းသော ဆောင်းလေပျိုသည် ရွာ၏ မြောက်ဘက်ရှိ စလင်းချောင်းတွင်းမှ တက်ရောက်လာပြီး ရွာငယ်ထဲဝယ် မွှေနှောက်နေပေသည်။ ငိုက်မျည်းသော သစ်ပင်များမှ နှင်းရည်တို့သည် တပေါက်ပေါက် သက်ဆင်းလာကြရာ တောက်ပသော ငွေရောင်တို့သည် မြေကြီးနှင့် တွေ့ဆုံ ပျောက်ကွယ် သွားကြသည်။
မကျီးဒန်မှာ မောင်ရင်ပြန် ကြက်တွန်ကျူးချိန်မှ စပြီး နက်ဖြန် ကောက်ရိတ်သမားများကို ကျွေးမွေးရန် ကောက်ညှင်း ‘ပေါင်း’ နေရပေရာ ကိုဆေးရိုးတို့၏ မြေစိုက်ထန်းရွက်တဲငယ်ကလေးတွင်းမှ မီးရောင်သည် တမှိတ် တုတ်တုတ် ထွက်ပေါ်နေ၏။ သရက်ချည်ရွာသို့ သွားရောက်ငှားရမ်းသော တပြည်ဝင် ပေါင်းချောင်နှင့် ပေါင်းခံအိုးမှာ တစ်အိုးပြီး တစ်အိုး အမှုထမ်းခဲ့ရာ သုံးအိုးသို့တိုင်ခဲ့ပေသည်။ ပေါင်းချောင်းတွင်းသို့ ဆန်မထည့်မီကပင် ကြက်ခြေခတ်၍ ထည့်ထားသော နှီးနှစ်ပင်ကို လက်နှစ်ဖက်ဖြင့် စုံကိုင်ကာ ကောက်ညှင်းဆန်များကို အထက်အောက်ပြောင်းလှည့်သွားအောင် ဆွဲလိုက်သည်။ ပြီးလျှင် မကျီးဒန်က ပေါင်းချောင်နှင့် ပေါင်းခံအိုးတို့ တွေ့ဆုံရာနေရာတွင် ချည်ပတ်ထားသော ခါးပန်းမှ လေလုံမလုံကို စစ်ဆေးကြည့်လိုက်ရာက ရွှဲရွှဲစိုနေသော ချွေးသီးများကို ထဘီအထက်ဆင်ဖြင့် သုတ်သင်လိုက်သည်။
အိုးလုပ်သမားက ပေါင်းချောင်နှင့် ပေါင်းခံ တစ်စုံကို ငှားရမ်းရရှိပါရေးအတွက် တမိုင်သာသာ ဝေးသော သရက်ချဉ်ရွာသို့ သွားရောက် သယ်ပိုးခဲ့ရခြင်းအား ရယ်စရာအဖြစ် ပြောစမှတ်ပြုလိုက ပြုကြပေလိမ့်မည်။ သို့ရာတွင် ငါးသည်က ငါးကောင်းစားရသော်လည်း ၊ အိုးသည်မှာ အိုးကောင်းမကိုင်ရ။ လယ်သမားမှာ စပါးကောင်း ဆန်ကောင်း မစားရတာကိုတော့ ကိုဆေးရိုးတို့က အသိဆုံးဖြစ်သည့်အပြင် ကိုဆေးရိုးတို့၏ အစဉ်အလာမှာ ပေါင်းချောင် ပေါင်းခံလုပ်ရိုး၊ စလောင်းဖုံးလုပ်ရိုး မရှိခဲ့သောကြောင့် နောင်လာ နောင်ဆက်တို့သည်လည်း မလုပ်တတ်ခဲ့ကြချေ။ စူးစမ်းတီထွင်၍ ပြုလုပ်ခြင်းသည် မရှိခဲ့သောကြောင့် ကိုဆေးရိုး၏ အိမ်ရှင်မက တမိုင်ကျော်ခရီးကို တနဲ့နဲ့လျှောက်ပြီး ပေါင်းချောင်ငှားရမ်းခဲ့ရသည် ဆိုခြင်းကို ဘာမျှဆိုဖွယ် မရှိထိုက်ပါပေ။
သို့သော် ဘိုးဘေးစဉ်ဆက်ကာလမှ သပိတ်နှင့်သောက်ရေအိုး ၊ ရွက်အိုး ၊ ဆီအိုး ၊ ထမင်းအိုး ၊ မြူအိုး ၊ လုပ်ကိုင်လာခဲ့ကြရာ စလောင်းဖုံး ၊ ဟင်းအိုးနှင့် အိုးပုပ် ၊ အင်တုံတို့ဖြင့် ဖြည့်စွက်မလုပ်နိုင်ခဲ့ကြခြင်းကိုတော့ အပြစ်တင်လို့က တင်နိုင်ပါသည်။
ဒါကလည်း ကျွမ်းကျင်နိုင်နင်းပြီးသားဖြစ်သော သပိတ်နှင့် ဆီအိုး ၊ ရေအိုး ၊ကိုပင် နေ့မအား ညမအား လုပ်ကိုင်ရောင်းချနေသည့် ဘ၀မှ ၀မ်းစာရေး အနှောင့်အနှေး မခံနိုင်သည့် အခြေတွင် မနိုင်မနင်း မကျွမ်းကျင်သည့်အရာကို အချိန်ကုန် လူပန်းခံပြီး လုပ်ကိုင်ရန်မှာ ကိုဆေးရိုးတို့အဖို့ ရူးသော မိုက်သော အလုပ်ဟူ၍သာ မှတ်ယူကြပေသည်။
ဤသို့ မကျွမ်းကျင် မနိုင်နင်းသော အလုပ်ကို အချိန်ကုန်လူပန်းခံပြီး လုပ်ကိုင်ဖြစ်မြောက်သွားပြန်တော့လည်း ရှိပြီး၊ ပေါများပြီး ပစ္စည်းများ ဖြစ်နေသောကြောင့် ချောမောပြေပြစ်သော ပစ္စည်းများထဲမှ မလှမပ မသပ်ရပ်သော ဤ ပစ္စည်းကို မည့်သည့်ဝယ်ယူသုံးစွဲသူကမှ ပြန်စောင့်ကြည့်မည်မဟုတ်ပေ။ ကြိုးစား ၍ တည်ဆောက်ထား ၇ှာပေသည်ဟူ ၍လည်း ငဲ့ကွက်ရစကောင်းမရှိ ၊ အချည်းနှီးသာလျှင် ဖြစ်ရပေ၏။ ထို့ကြောင့် အိုးငှား ၍
ကောက်ညှင်းပေါင်းရသော အိုးထိန်းသည်အား အပြစ်ယူရန်မသင့်ပေ။
“ကိုဆေးရိုး……….ကိုဆေးရိုး”
ကောက်ညှင်းလေးပြည် ၊ လေးအိုး၏ နောက်ဆုံးအိုးကို အောက်ဖြူလှန်ပစ်ခဲ့ပြီး မကျီးဒန်က ကိုဆေးရိုးအား လာရောက်နိုးနေခြင်းဖြစ်သည်။
“ကိုဆေးရိုး…..ကိုဆေးရိုး”
စောင်ကိုပိန်းနေအောင် ခြုံပြီး တင်းနေအောင်ဆွဲကာ ၀လုံးကလေးလို ကွေးနေသော ကိုဆေးရိုး၏ ဆောင်ကို အတင်းဆွဲရာမှ ပါးစပ်ကလည်း အဆက်မပြတ် ခေါ်လိုက်၏။ ကိုဆေးရိုးက ပွင့်လန် ၍သွားသော စောင်ခြုံတွင်းသို့ လေအေးဝင်လာသောကြောင့် နိုးလာရပြီး
“ဟေ..” ဟု သွားကြားလေဖြင့် ထူးလိုက်၏။
“ထတော့လေ ….ကြယ်နီကြီးတောင် မြင့်လာပြီ”
“အေးပါဟာ ”
အေးပါဟာ ဟု ဆိုကာ ပြေကျပွင့်လန်နေသော စောင်ကို ဆွဲပြီး ၊ ပြန်ပြန် ၍ ကွေးခဲ့ပေါင်းက များလှပြီ ဖြစ်သောကြောင့် နောကျေပြီဖြစ်သည့် မကျီဒန်က ကိုဆေးရိုး ပြန်ဆွဲ ၍ယူနေသော ချေးအထပ်ထပ် ချုပ်ရိုးအထစ်ထစ် နှင့် စောင်ကိုတအားဆွဲယူလိုက်ပြီး ၊ ဘေးနားမှ သားကလေးပေါ်သို့ လွှင့်ပစ်လွှမ်းတင်လိုက်လေသည်။
“ကျီးဒန်ကလဲဟာ”
ကိုဆေးရိုးက မျက်စိထောင့်ကို လက်ဖနောင့်ဖြင့် ပွတ်ရင်းညည်းညူးလိုက်ရှာ၏။
တူ….တူတူတူ။ ဂဒိုး (ကျွဲချို) မှုတ်သံက ဆောင်းလေ၏ မြောက်လေကိုသွေဆန် ဆန့်ကျင်ရောက်ရှိလာ၏။ ဂဒိုးမှုတ်သံမှာ ရမ်းဘိုကုန်းရွာ၏ တောင်ဘက် တစ်မိုင်သာသာဝေးသော သရက်ချင်ရွာမှဖြစ်သည်။ ကိုဆေးရိုးတို့၏လယ်ကို ရိတ်ရန် သရက်ချင်ရွာမှ ကိုပွကြီး၏ ကောက်ရိတ်စည်းကို ငှားရမ်းထားရာ လယ်ထဲသို့ ကောက်ရိတ်သမားများ မရောက်မီ သွားနိုင်မှ ဖြစ်ပေမည်။ ကောက်ရိတ်စည်းမှစည်းသားများကို ဂဒိုးမှုတ် ၍ခေါ်လေပြီ။ ကိုဆေးရိုးက လေးတွဲ့တွဲ့ လုပ်နေတုန်း ရှိသေးသည်။
“ကဲ…..ဂဒိုးတောင် မှုတ်နေပြီတော့် ၊ မြန်မြန်လုပ်ပါ”
မကျီဒန်က ဆီဖြူသီးများ ထည့်ထားသော တောင်းကို တဲရှေ့မြေပြင်တွင် ချရင်းမှ လော်ဆော်လိုက်၏။
ဒုံ…ဒုံ…..ဒုံ…ဒုံ….ဒုံ
ရေမိန်တောင် ကျောင်းမှ ဦးဇင်းပု၏ ဆွမ်းစားတဲ့ခေါက်သံက ခပ်လေးလေးထွက်ပေါ်လာ၏။ ရမ်းဘိုကုန်းရွာဦးရှိ လေးထပ်ကျောင်းမှ အရုဏ်ဆွမ်းစားရန်ဝေစွ၊ နေ့ဆွမ်းကိုပင် ပင်ပန်းရိရှားစွာ မှီဝဲနေရပေ၏။ မူလကျောင်းထိုင်ဆရာတော်ကြီး ပျံလွန်ပြီးသည့်နောက် အခန်းနေ တပည့်နှစ်ပါး အမွေလုရာမှစ ၍ ရပ်ရွာနှင့် အမွေရဦးပဉ္ဖင်းတို့ ကွေကွင်းခဲ့ရသည်။ ထို့ကြောင့်ပင် နှစ်မိုင်ကွာ သုံးပင်တောင်ရပ်ရှိ ရေမိန်တောင်ကျောင်းတွင်မှ တုံးခေါက်သံကို အမှီပြုနေရခြင်းဖြစ်သည်။
“မိန်းကလေး….ဟဲ့ မိန်းကလေး”
သမီးဖြစ်သူ ချောစိန်ကို လှမ်းအော်နေရင်း ကောက်ညှင်းပေါင်းထည့်သည့် တောင်းကို တဲရှေ့သို့ ထုတ်လာသည်။
“ကျီးဒန်ရေ…ဆီနဲ့ဆားကို ဘယ်မှာထည့်မလဲ”
“ကောက်ညှင်းပေါင်းထဲမှာ ထည့်ခဲ့ပေါ့တော်”
“နှမ်းထောင်းကော….နှမ်းထောင်း”
“နှမ်းထောင်”
မကျီးဒန်က နှမ်းထောင်းဟု ပါးစပ်မှ မြည်လိုက်ပြီး၊ နှမ်းထောင်းဘယ်မှာထားမိမှန်း မသိသဖြင့် ပြတ်သွားကာ “ဟောတော်….နှမ်းထောင်း ဘယ်မှာထားမိမှန်းမသိဖူး။ ခက်တော့တာပဲတော်။ ဟဲ့ မိန်းကလေး….မိန်းကလေး ထစမ်း ၊ နှမ်းထောင် ဘယ်မှာထားမိသလဲ” ဟု ကရွတ်ကင်းလျှောက် အော်ဟစ်လိုက်၏။
“ဘာလဲ အမေ ၊ နှမ်းထောင်းလား ၊ လက်ဆွဲချိုင့်ကလေးမှာထည့်ပြီး ကျပ်စင်မှာ ဆွဲထားတာပဲအမေရေ”
“အေးဟေ့ ဟုတ်ပါ့ကော ၊ ကဲ ကိုဆေးရိုး…သွားကြရအောင်။ ဆေးလိပ်တို့ လက်ဖက်တို့ကောပါပလား။ ကောင်းကောင်းထမ်းနော်၊ ဆီတွေဖိတ်ကုန်ဦးမယ်။ မိန်းကလေးရေ….ထမင်းချက်ပြီးရင် စောစောလာနော်။ ကောက်သင်းကောက်တွေက မနိုင်နိုင်ဘူး နွားကြီးနှစ်ကောင်ရော၊ နွားမ သားအမိကိုပါ ကောင်းကလေး ဆွဲခဲ့ပစေ၊ ကြားလား”
“ဟုတ်ကဲ့….ကြားပါတယ်”
၂
အရုဏ်ဝိုးတ၀ါးဝယ် ကိုဆေးရိုးက ကောက်ညှင်းပေါင်းတောင်းကိုထမ်း ၍ ၊ မကျီးဒန်က ဆီးဖြူသီးထောင်းကို ရွက်ပြီး နှင်းရည်တို့ဖြင့် ရွှဲနေသော မြတ်ကန်သင်းများကို စမ်းသပ်ကုပ်ကတ်လျက် တရွေ့ရွေ့ လှမ်းလာကြသည်။ နှင်းမှုန်တို့ မှိုင်းရင့်ခြုံသိုင်းထားသော တောတွင် တရွေ့ရွေ့တိုးကာ ကောက်သစ်နံ့သင်းသော လေအေး၏ ပုတ်ခတ်ခြင်းကို မေးတဆက်ဆက်ရိုက်ရင်း တွန်းလှန်ကာ ကျင်းချိုင့် မြောင်းပေါင်းများကို ကျော်လွှားခဲ့ကြရသည်။
ဥနဲပင်များထက်မှ ချိုးနီပုကလေးများက လန့် ၍ ပျံပြေးကြ၏။ မကျီးဒန်က လက်ဖက်ခွက်ကလေးကို လယ်ထိပ်တွင် ဒူးတုတ်ချထားလိုက်ပြီး လယ်ကွက်ထဲသို့ လှမ်းမျော်ကြည့်လိုက်သည်။ အမှောင်၏လျော့နည်းခြင်း အောက်ဝယ် ရွှေရောင်နှင့် ငွေရောင်တို့သည် ၀ိုးတ၀ါးလင်းရောင်ခြည်နှင့် ရက်ယှက်နေကြ၏။
“အရှင်ကြီး အရှင်းကောင်းများတော်……ကျေးတော်မျိုး ကျွန်တော်မျိုးများက စားဦးစားဖျား တင်မြှောက်ပါတယ်တော်၊ စားတော်ခေါ်ပါ၊ သောက်တော်ခေါ်ပါ ၊ မကောင်းသော အန္တရာယ်များကိုလည်း ဖယ်ရှားတော်မူပါ”
မကျီဒန်က တဖွဖွမြည်တမ်းနေရာမှ ဆီဖြူသီးထောင်းကို ကောက်ကိုင်လိုက်ကာ လယ်ကွက်ထဲသို့ ဆီဖြူသီးများကို ကြဲမြှောက်ဖြန့်လွှင့်နေပြန်၏၊
“ကိုဆေးရိုးရေ….ဒါတွေကို လိုက်ပြီး ကြဲလိုက်ပါဦး”
ထိပ်ဆုံးမှ လယ်ကွက်တွင် ကြဲမြှောက်ပြီးနောက် ကျန်လယ်ကွက်များအတွက် ကိုဆေးရိုးကို တာဝန်ပေးလိုက်သည်။
ဆီးဖြူသီး။ ကောက်ရိတ်မည်ကြံလျှင် ဆီးဖြူသီးကို တင်ကြိုရှာဖွေထားရပေသည်။ အစဉ်အလာ၏ စွန်းထင်းမှု့က ဆီးဖြူသောမပတ်သော လယ်ကွက်တွင် မရိတ်ကောင်းသလောက် ယူဆနေသည်။ ဆီးဖြူသီးမှာ လယ်ယာကို စောင့်ရှောက်သော ပုံးမကြည် (ပုန်းမဂျီ) ရှင်မ ခေါ်နတ်မကို တင်မြှောက်ပြီး လယ်ကွက်တွင်းရှိ ပိုးမွှားများကို ဖယ်ရှားပေးစေရန် ဖြစ်ရာ ကောက်ရိတ်ရင်း ပိုးမွှားတွေ့ရှိသော်လည်း ၊ ဆီးဖြူသီး ပက်ကြဲခြင်းဖြင့် ပုန်းမကြည်အား ပသထားပြီဖြစ်ပါက “ပုန်းမကြည်ရှင်မ ကယ်ပေလို့သာပေါ့ ၊ နို့မို့ရင် အကိုက်ပဲ ၊ ပွဲခြင်းပြီးပဲ ၊ အရှင်မကို တင်မြှောက်ထားပေလို့” ဟူသော နတ်ကိုလှည့် ၍ စွဲလမ်းယုံမှတ်သောစကားဖြင့် ဆိုကြချေ၏။ ဆီးဖြူသီး မပက်မိပါက “ကြည့်စမ်း ကြည့်စမ်း ၊ ပုန်းမကြည်ရှင်မကို မတင်မြှောက်လို့ ၊ မရိုသေလို့ မြွေနဲ့တိုက်တာ။ ကျုပ်မျက်စိ ရှင်ပေလို့သာပေါ့။ အမလေး အရှင်မ စိတ်ဆိုးနေတဲ့လယ်ကို ကျုပ်တော့မရိတ်ဝင့်တော့ဘူးတော့်” ဟူသော နတ်စွဲစိတ်ဖြင့် လယ်ကိုဆက်လက်ရိတ်ရန် ခါးခါးသီးသီး ငြင်းဆန်ကြသောကြောင့် ဆီးဖြုသီးသည် လယ်သမားအဖို့ မရှိလျှင် မဖြစ်သော ပစ္စည်းဖြစ်နေတော့၏။
ကောက်နှင့်မြွေသည် ပလဲနံပဖြစ်၏။
ဤမျှရှုပ်ထွေးပွနေသော နေရာသည် မြွေတို့၏ ခိုအောင်းရာ ဖြစ်သည့်အပြင် ၊ မြွေပွေးသည် ဤအချိန်၌ သားပေါက်များရာ ဤအချိန်သည် မုချမြွေပေါရမည်ဖြစ်သည်။ ပုံးမကြည်နတ် (ပုန်းမဂျီရှင်မ) အား တင်မြှောက်ပြီး ဖြစ်ပါလျက်နှင့် မြွေတွေ့သောအခါတွင် မြွေကိုဖယ်ရှားမပစ်နိုင်သော နတ်အားအပြစ်တင်ခြင်းမရှိဘဲ ၊ မတင်မြှောက်မိသော လယ်ကွက်တွင် မြွေတွေ့သော အခါကျမှ ပုန်းမဂျီရှင်မ စိတ်ဆိုးလို့ဟူ သော စကားသည် နှစ်မြို့ဖွယ်သော စကားရပ်ကား မဟုတ်ပေ။ သို့ရာတွင်လည်း သိပ္ပံပညာနှင့် လောကဓာတ်ပညာတို့သည် တည်ဆောက်ချက်များကို မျက်ဝါးထင်ထင် တွေ့မြင်ကြားနေရသော အထက်တန်းစား ပညာတတ်များနှင့် မြို့နေလူတန်းစားများကသော်မှ နတ်ကို ယုံမှတ်ရိုကျိုးနေကြပါသေးလျှင် ပညာမဲ့လူတန်းစားတို့အဖို့မှာ ဆိုဖွယ်မရှိတော့သည့်ပြင် ၊ မြင်မြင်သမျှလူတန်းစားများကို ကြောက်ရွံ့နေရသည့် ဤနင်းပြားများအဖို့ တွေ့ကြုံရသမျှသော အဆိုးတရားနှင့် ကောင်းသောအရာတို့သည် သက်ရှိတစ်စုံတစ်ယောက်က မပြုလုပ် မစေစားခဲ့သော မမြင်နိုင်စွမ်းသော နတ်တို့ကသာ ဖန်ဆင်းစေစားခြင်းသာ ဖြစ်ရမည်ဟူသော အစဉ်အဆက်စွဲလမ်းချက်သည် ယုတ္တိရှိသော ယုံမှားခြင်းဖြစ်ပါပေသည်ဟု ယူဆရပေမည်။ ဤစွဲလမ်းချက်ကပင် နတ်သည် လယ်သမားတို့၏ ဦးညွတ်ရာဖြစ်စေသည်။
မြတ်စွာဘုရားကို ဆွမ်းမကပ်၊ သံဃာတော်ကို ဆွမ်းမလောင်း၍ အပြစ်မရှိ၊ ကုသိုလ်မရရုံသာ ရှိပေမည်။ နတ်ကိုတော့ မထေမဲ့မြင် မပြုသင့်၊ ကိုင်တတ်သည်ဟူသော စွဲမှားကို ဘုရားစင်နှင့် နတ်အိုးကို တန်းတူထားခြင်းက သက်သေခံနေပေသည်။ ညောင်ရေအိုးကို မှန်မှန်မလဲနိုင် ၊ ၀တ်မဖြည့်နိုင်သော်လည်း ဦးရှင်ကြီး မှန်မှန်တင်ခြင်း ၊ နတ်အုန်းသီးကို မနွမ်းအောင် လဲလှယ်နိုင်ခြင်းတို့က အယူချွတ်လွဲ နတ်သရဲများသည် အတုမဲ့သော ဗုဒ္ဓမြတ်ရှင်နှင့် တန်းတူနေရာရထားရုံမျှမက ဘုရားရှင်ထက်ပင် တန်းခိုးကြွနေကြောင်း ၊ လွှမ်းမိုးနေကြောင်း ကို ဖော်ပြနေပေသည်။
ထို့ကြောင့် စားဝတ်နေရေးမဖူလုံသေးသမျှ ကာလပတ်လုံး အဘိဓမ္မာစာပြန်ပွဲ ၊ မင်္ဂလာစာပြန်ပွဲတို့ဖြင့် လည်းကောင်း ၊ ၀ိပသာနာလုပ်ငန်းတို့ဖြင့် လည်းကောင်း ၊ သာသနာတော် စည်ပင်တောက်ထွန်းစေရန် မြတ်တရားကို သက်ဝင်ကိုးစားစေရန် အဘယ်နှင့်မျှ အားထုတ်သော်လည်း စားဝတ်နေရေး ချို့ငဲ့ခြင်းတည်းဟူသော ၀ါးလုံးခေါင်းတွင်းမှ လယ်သမားပညာမဲ့တို့အား သာသနာ့ရောင်ခြည်သည် လင်းလက်နိုင်စွမ်းမရှိပေ။ စွဲမှားယူမှား နတ်မိစ္ဆာတို့သည် သာ မစင်တော၌ သာသောလကဲ့သို့ တန်းခိုးထွားနေကြဦးမည်သာတည်း။
မသေရုံသာ စားရသော်လည်း နားနေခွင့်ကားမရှိချေ။ သရက်ထည်ပွင့်ရိုက် အင်္ကျီထက်တိုး၍ မမျှော်မှန်းတတ်သည့်ပြင် ငွေတရာကိုသော်မျှ မမြင်ဖူးတတ်ကြသူများအဖို့ ကိုယ် နှုတ် နှလုံးသုံးပါးတို့ဖြင့် တပ္ပေါစမင်္ဂလာကို ကျင့်ကြံကြပြီး ဖြစ်နေပြီးလေပြီး။ မမြင်ဖူး ၊ မကြားဖူးသောအရာကို အဘယ်ကဲ့သို့ တောင့်တလိုလားနိုင်ပါအံ့နည်း။ နိဝါတောစ ဒွန်းစဏ္ဍားမျိုး ခြေသုတ်ပုဆိုး ချိုကျိုးနွားကဲ့သို့ မိမိကိုယ်ကို နှိမ့်ချသော မင်္ဂလာသည်လည်း နှိမ့်ချလွန်းသဖြင့် ၊ ပိပြားရလွန်းသဖြင့် ဤလူတန်းစားများမှာ ပြည့်စုံနေပါပြီ။
သို့ရာတွင် စားဝတ်နေေ၇း မပြည့်စုံခြင်းတည်းဟူသော ၀ါးလုံးခေါင်းကြီးကို ရိုက်ခွဲလိုက်ပါမူ သာသနာတော်သည် နေရောင်မက ထွန်းတောက်လာပေလိမ့်မည်။ ဤအခါဝယ် စင်ကြယ်သော ကိုယ် နှုတ် နှလုံးနှင့် ပြည့်စုံသော သူတော်စင်များသည် ဤအလွှာမှ ပေါ်ထွန်းလာကြပေလိမ့်မည်။
၃
‘နှင်းငွေ့ရည် ………..နှင်းငွေ့ရည် အံ့မဆုံးတယ်….မိုးပေါက်ကရှုံး၊ တိမ်…….တိမ်ခြေဖုံးပါလို့ အုံ့ခြိမ့်ခြိမ့်မှောင်……’
ကိုပွကြီး၏ ကောက်ရိတ်စည်းမှ တတူတူမှုတ်လာသော ဂဒိုးသံနှင့် အတူ ချမ်းရစီးရခြင်းကို အော်ဟစ်ဆူညံခြင့်းဖြင့် မေ့ပျောက်လာကြသော ကောက်ရိတ်သူမများ၏ အသံမှာ တဖြည်းဖြည်းနီးကပ်လာ၏။
“သြော်…….သဇင်သင်းပါတဲ့ ခင်းပြန့်ပေါ်လာနိုးငယ် မယ်မျှော်လို့…..”
“ဟဲ့ကောင်မ စိန်အေး၊ ညည်းအသံကြီးကို မဆိုရင် ဘယ်လောက်ပေးရမလဲ”
နှင်းငွေ့ဝယ်တွင် သဇင်သင်းသော စိန်အေးကိုငွေရှင်က လှမ်းတဲ့၍ သြဘာပြုလိုက်ရာ မိပွေးက……….
“အောင်မယ်….ညည်းတို့က ဒီလိုပြောကြပါနဲ့အေ စိန်အေး အသံကဖြင့် ကောင်းပါတယ် ၊ ညည်းတို့ပဲ သူ့လို ဆိုစမ်းပါဦး”
“ကျွန်တော်ရည်းစားပျောက်လို့ရှာ……..မယ်ဝိဇ္ဇာ နဲူ့တူသဗျာ ဘယ်မြို့သူလဲလို့ …….”
“ဟေ့ကောင်….ဘယ်မြို့သူမှ မဟုတ်ဖူး၊ ရှားတောက”
“ဟေ့ လှမောင်ရ…..ချစ်မြရည်စားက ရှားတောက မဟုတ်ပြန်ဘူးကွ။ ပုရေပိုက်တန်းက ဖြစ်သွားပြန်ပြီ”
“ဟေ….. ဟုတ်လား….အမလေး မင်းဘယ်သူနဲ့ လိုက်စားလို့ ဗိုက်တရာမှန်ရသာ ဟော…..”
“ကဲ…..မအ၀ှာတို့က နောက်မှမျှော်၊ ကိုဟိုဒင်းတို့ကလည်း ပြီးမှ ဗိုက်တရားဟော ၊ အခု ကောက်ညှင်းပေါင်း ပူပူလေးစားလှည့်ကြဦး”
သူတမျိုး ငါတဖုံ ဆူညံအော်ဟစ်လာကြရင်း မကျီးဒန်၏ လယ်ထိပ်မှာ ညောင်ပင်အောက်သို့ရောက်လာကြရာ မကျီးဒန်က ဆီးကြို၍ ဖိတ်ခေါ်လိုက်ခြင်းဖြစ်၏။
“ဟိုကောင်မတွေ ရှက်သလိုလို နဲ့မူမနေကြနဲ့။ လာ….ဒီမှာ ညည်းတို့က တစ်ဝိုင်းစားကြ၊ အ၀စားကြ။ သြော်…..ကိုပွကြီး….ကိုပွကြီးကော…..”
“ဒီသေနာကောင်ကြီးကလည်း တခါတည်းလိုက်လာပါဆိုတာ မလိုက်လာဘူး”
ခပ်စိမ့်စိမ့်လေးသုတ်နေသော လေအေးအေး ကလေးက အငွေ့ထောင်းထောင်း နှင့် မွှေးပျံ့လှသော ကောက်ညှင်းပေါင်းနံ့ကို ဝေ့၀ိုက်သွယ်ယူသွားသည်။
“ဗျို့ မကျီးဒန်။ ကောက်ညှင်းပေါင်းဇလုံ ပေါက်သွားပြီ”
“ဟေ…..ဟောတော့်….ဘာဖြစ်လို့လဲ” ဟု အော်၍ မေးရင်း မကျီးဒန်က ဇလုံကြီးကို မြှောက်ပြနေသော ယောကျာင်္းဝိုင်းနားသို့ ချဉ်းကပ်ကာ
“ဟဲ့….ဘယ်မှာလဲဟ”
“ဒီမှာပေါ့ဗျာ”
ကာလသားတစ်ယောက်က ကောက်ညှင်းပေါင်း ကုန်နေပြီဖြစ်ကြောင်းကို ဇလုံထဲသို့ လက်ထည့်ပြီး မွှေနှောက်ပြသလိုက်မှ ၊ “ကာလတွေ ၊ ငါ အဟုတ်မှတ်လို့ ကောက်ညှင်းပေါင်းကုန်ရင် ကုန်ပြီပြောပါလား” ဟု ဆဲဖက်ဆိုဖက် ဆဲမနာဆိုမနာပီပီ ဆဲဆိုရင်း ဇလုံကြီးကို ယူသွားရာ တဟားဟား တ၀ါးဝါး ဆူညံသွားတော့၏။
တဖြည်းဖြည်းနှင့် စားသောက်ဆူညံနေကြရင်း အလင်းရောင်က တစ်စတစ်စ ရောက်လာရာ ၊ ညွှတ်နေသော စပါးနှံနှင့် ပန်းတော်နီလွှမ်းသော ကန်သင်းထက်မှ ပဲလွန်းပင်များတွင် တွဲခိုလိမ်းကျံသော နှင်းရည်ကလေးများကို မသဲမကွဲမြင်လာကြရ၏။
“ ကဲဟေ့….ချမ်းနေကြလို့ပြီးမှား မဟုတ်ဖူး။ အချမ်းပြေကလေး ရိတ်လိုက်ကြရအောင်။ ဟိုဘက်က မအေးဂေါင်းတို့”
ယောကျာင်္းဝိုင်းမှ ကိုဖိုးရင်က ထတဲ့၍ ဆော်သြလိုက်၏။
“စေတနာလေးနဲ့သာ လုပ်ခဲ့ကြပါတော်ရေ့၊ ရိုးပျက်ကို တိုတိုချပြီး ရိတ်ပေးကြပါ မယ်မင်းကြီး၊ မောင်မင်းကြီးသားတို့ရေ”
“စိတ်ချဗျို့….စိတ်ချ၊ ကျုပ်တို့စည်းက နာမည်ပျက်မခံဘူး”
လယ်ကွက်ထဲသို့ ဆင်းရန်လှုပ်လှုပ်ရွရွ ပြင်ဆင်နေကြသော လူအုပ်ထဲမှ ပြန်လည်ဖြေကြားလိုက်သံဖြစ်သည်။
ရိုးပြတ်ရိုးပြတ်။ တစ်နွေလုံး တစ်မိုးလုံး အားထားလုလုပ်ရမည့် သည်ရိုးပြတ်။ ရိုးပြတ်ကို အခြေချ၍
တိုတိုဖြတ်မှ ကောက်လှိုင်းရှည်းပြီး ကောက်ရိုးအမျှင်ရှည်ပေမည်။ ဒါမှ ကောက်ရိုးထုထည် များပြားပြီး တစ်နွေလုံး ကောက်ရိုးစင်းနှင့် နှမ်းဖက်ဖွဲနု ရောနှောကျွေးကာတစ်မိုးတွင်းလုံးလည်း မြက်မပေါမချင်း ကျွေးရဦးမည်သာဖြစ်ခြင်းကြောင့် ပူပန်စွာ ဂရုတစိုက် မှာကြားနေရသည်။ နွားများကလည်း ကောက်ရိုးလတ်လတ်ဆတ်ဆတ်ဆိုလျှင် ခွာစာစော်။ သေးစော်နံနေသေးသဖြင့် ကောင်းကောင်းမစား ၊ အသားမကျသေးသောကြောင့် ကောက်ရိုးများကလည်း ကြမ်းနေသဖြင့် ခံတွင်းတွေ့နိုင်စရာ မရှိချေ။
တတ်နိုင်ပါက ဒီနှစ်တလင်း သိမ်းချိန်က ကောက်ရိုးကိုေ၇ှ့နှစ် တလင်းသိမ်းပြီး တလကျော်ကျော်လောက် အထိ ရှိစေချငိသည်။ ဒါမှလည်း နူးညံ့သောကြောင့် စင်းရာခုတ်ရာမှာလည်းကောင်းပြီး နွားလည်းကြိုက်သည်။ သည့်ထက်ပို၍ တတ်နိုင်ပါက ပိုလျှံလိမ်မည်ထင်ရသော ကောက်ရိုးများကို လှည်းတစည်းစ နှစ်စည်းစ၊ နွေသုံး ဈေးဖိုးကလေးရအောင် ရောင်းချင်သေးရာ မကျီးဒန်၏ ‘အခြေချ’ ရိတ်ခြင်းမှာ လယ်သမားအတွက် အလားလားကောင်းသော်လည်း ကောက်ရိတ်စည်းသားများအဖို့ ဖင့်နွှဲ့လေးကန်စေသည်။
သို့တစေလည်း ဖြူဖြောင့်စင်ကြယ်သော သူတို့တစ်တွေ၏ ဆက်ဆံရေးမှာ မေတ္တာသာလျှင် အရင်းခံသောကြောင့် တတ်နိုင်လျှင် ဆောင်ရွက်ပေးကြစမြဲ ဖြစ်ရာ အတန်ငယ်သော မတွင်မကျယ်မှုကို စည်းသားများက ဂရုထားကြလိမ့်မည်မဟုတ်ပါ။ အခြေချ၍ ရိတ်ပါဆိုသော်လည်း မြေကြီးကပ်ရိတ်ရန်မဟုတ်ဘဲ မြေကြီးအထက်မှ ရေညှိများကပ်နေသောအပိုင်းကို ချန်လှပ်ပြီး ၊ ရေညှိထက်မှ ရိတ်ဖြတ်ရမည်ဖြစ်သည်။ ရေညှိတွေပါရော၍ ရိတ်ပြန်ပါကလည်း ကောက်ရိုးကို စင်းလိုက်သောအခါတွင် ရေညှိခြောက်များက နွားစာအနှံ့ပြန့်ပွားသွားသဖြင့် နွားမစားပြန်လျှင် အခက်ကြုံရပေဦးမည်။
လယ်ကွက်တစ်ခုလုံးမှာ နေခြည်ကလေး ပြုစဖြစ်သဖြင့် ကောက်ပင်ကို လက်နှင့်ဆုပ်ပြီး လက်ဖနောင့် ရင်းမှပွတ်၍ တံစဉ်နှင့်ဖြတ်လိုက်သော အသံများမှ တစ်ပါးတိတ်ဆိတ်နေပေသည်။
လယ်ကွက်ဘေးရှိ ထန်းပင်ထက်မှ ထန်းရွက်ခြောက်မြီးဆွဲများ၏ လေဝှေ့သံသာ တစ်ချက် တစ်ချက် ထွက်ပေါ်လာသည့် ဤအချိန်မျိုးတွင် ပို၍သဲသဲမဲမဲ ရိတ်နိုင်ပါမှ အချမ်းလုံမည့်ပြင် ၊ နေမပူသေး၊ လက်ပန်းမကျသေးသောကြောင့် ပိုမိုတွင်ကျယ်နိုင်သဖြင့် အားတိုက်ခွန်တိုက် ရိတ်ဖြတ်နေကြခြင်းဖြစ်ပေသည်။
“ဟော ရေချိုသီးတစ်လုံးဟေ့”
တဆတ်ဆတ် ချမ်းလွန်းတုန်လွန်းသဖြင့် သွေပူအောင် မဲ၍ရိတ်နေရာမှ ကောက်ပင်ကြားရှိ ဆီးဖြူသီးတစ်လုံးကို ကောက်ကာ တွေ့တိုင်း ပါးစပ်ထဲ ငုံလိုက်၊ ခါးကြားတွင် ညှပ်လိုက် နှင့် သိမ်းဆည်းထားပြီး ရေသောက်ခါနီးမှ စားပြီး သောက်လိုက်ရသည့် ရေတစ်ခွက်သည် လျှာဖျားမှာ ချိုမြိန်သွားစေ၏။
“ဟ ကျီးဒန်တို့ရ လုပ်လှချည့်လားဟာ တို့ရ….တော်တော်တောင် ပြီးနေပါပကော”
“ဗျို့….အာ ..ကိုပွကြီး”
ကိုဆေးရိုးက ကောက်ရိတ်သမားများ နောက်သို့လိုက်ပြီး ဆေးလိပ်ညှိပေးလိုက် ၊ဆေးလိပ်လျှောက်ပေးလုပ်နေရာမှ ၊ ကိုပွကြီး၏ အသံကို ကြားသဖြင့် “ကဲ…လာဗျို့ ကောက်ညှင်းပေါင်းစားဦး” ဟုပြောရင်း လယ်ထဲမှတက်လာကာ ညောင်ပင်ရိပ်သို့ ၀င်လာ၏။
“အစောကြီးရှိသေးတယ်၊ မင်းတို့ ငါ့စည်းသားတွေကို အစောကြီး အဆင်းခိုင်းတယ်တူတယ်”
ကောက်ရိပ်စည်းခေါင်း ကိုပွကြီးက ပြောပြောဆိုဆိုနှင့် ညောင်ပင်ခြေရင်းတွင် ထိုင်ချလိုက်ပြီး “လုပ်ပါဦးလားကွ” လွယ်အိပ်ထဲမှ အရက်ပုလင်းကို ထုပ်ယူရန် ပြောလိုက်သည်။
“လုပ်ပါ လုပ်ပါ၊ ကျုပ် မလုပ်ချင်ဘူး၊ ကောက်ညှင်းပေါင်း စားလိုက်ပါဦးလား”
“စားတာပေါ့ကွာ ။ မင့်မိန်းမ မလာခင် သောက်ရမှာ။ မင့်မိန်းမက စောစောစီစီး သောက်တာ မြင်ရင် ဆဲလွန်းလို့”
ကိုပွကြီး မျက်နှာမှာ ဆယ့်နှစ်ရာသီ အရက်ခိုးသမ်း၍ ရဲရဲနီနီနေပေသည်။ အရက်နှင့် မျက်နှာသစ်သော လူစားမျိုးဖြစ်ရာ အချိန်ကျလို့မှ မသောက်ရလျှင် တဆတ်ဆတ်တုန်နေလေသည်။ သူ၏မှုန်နေသော နှာခေါင်းပွကြီးနှင့် ပါးစို့ကြီးများကို အရစ်ရစ်အလိပ်လိပ်ထနေသော ကုပ်ပိုးကြီးများနှင့် ဗိုက်ပူကြီးက ပြိုင်ဆိုင်နေကြသည်။ ကောက်စိုက် ပျိုးနုတ်ချိန်တွင် ကောက်စိုက် ပျိုးနုတ် စည်းခေါင်းလုပ်၍ ကောက်ရိတ်ချိန်တွင် ကောက်ရိတ်စည်းခေါင်းလုပ်ခြင်းဖြင့် စီးပွားရှာနေသည့် ကိုပွကြီးမှာ အများလူတို့သုံးစွဲနေသော ခေါင်းပုံဖြတ်ဟူသည့် စကားရပ်နှင့် သူ၏အလုပ်မှာ ငြိစွန်းနေပေသည်။ ရွှဲနေသော ဗိုက်ကြီးနှင့် ဖောင်းပွနေသော မျက်နှာကြီးမှာလည်း ဆိုခဲံ့သော စကားရပ်နှင့် အကျုံးဝင်သော ပုံသဏ္ဍာန်ပင်ဖြစ်ချေသည်။
ကောက်ရိတ်သမား (စည်းသား) တယောက်ခငွေကို ငှားရမ်းသူက စည်းခေါင်းအား ခေါင်းတွက်ပေးရခြင်းနှင့် စည်းခေါင်းအတွက် ခေါင်းလှိုင်း
ဟူ၍လူတစ်သယ်ပိုးနိုင်သမျှ တစ်လှိုင်းစာကောက်နှံများကို ဖြတ်ယူသော စည်းခေါင်းနှစ်မျိုးရှိရာ ခေါင်းအတွက် ငွေကိုယူသော စည်းကို ငှားလျှင် လူဆယ်ယောက်တောင်းက ကိုးယောက် စသည်ဖြင့် တစ်ယောက်လျော့ပြီးပေးကာ ၊ ရိတ်ခငွေကိုမှု အပြည့်ပေးခြင်းဖြင့် ခေါင်းအတွက် ပေးပြီသားဖြစ်သွားသည်။
ကိုပွကြီး မှာ ခေါင်းလှိုင်းယူသော စည်းခေါင်းမျိုးဖြစ်ရာ သူ၏ လူယုံတော်တစ်ယောက်က ခေါင်းလှိုင်းကို ဖြတ်ယူရသည်။ သည်လို ခေါင်းလှိုင်း ဖြတ်ယူသော စည်းမျိုးကိုမကြိုက်။ သို့သော် ငယ်သားများအပေါ်တွင် သြဇာညောင်းခြင်း၊ လိုသလိုရစေ၍ သပ်ရပ်မှုရှိခြင်းတို့က လယ်သမားတိုင်း လိုလားသော ဂုဏ်ပုဒ်များ ဖြစ်နေသောကြောင့် ၀ိုင်ဝိုင်းလည်အောင် ငှားရမ်းကြပေသည်။
ခေါင်းလှိုင်းဖြတ်ခြင်းမှာ အကောင်းဆုံးသော အနှံကလေးများကိုမှ ရွေးဖြတ်ပြီး ကောက်လှိုင်းစည်းများကို ရွက်ပြီးပြန်သူမှာ ရွှေ့ရွှေ့ကလေးမျှသာ လှမ်းနိုင်တော့သည်။
ဤမျှမတန်မဆ သုံးစိတ် တစ်တင်းနီးပါး ပါအောင် ဖြတ်ယူတတ်ခြင်းကြောင့် ကိုဆေးရိုးတို့က ခေါင်းလှိုင်းအတွက် သုံးစိတ်ပေးပါမည်ဟု ကတိပေးထားလိုက်ကြသည်။ ယင်းကတိပေးထားသော စပါးများကို တလင်းသိမ်းခါနီးဝယ် လှည်းဖြင့် လိုက်လံ တောင်းခံယူလေသည်။
ကောက်ရိတ်စည်းကို ငှားရမ်းသူပေါင်းတရာက တစ်ကြိမ်လျှင် စည်းခေါင်းက ငှားရမ်းသူထံမှ ခေါင်းတွက် လူတစ်ရာ၏ အခကြေးငွေ ရရှိဦးမည့်ပြင် စည်းသားများထံမှလည်း ခေါင်းတွက် တယောက်ခစီ တောင်းခံယူသေရာ စည်းသားများပြားမှ ခေါင်းတွက် များများရမည်။ စည်းသားများရစေရန် အလုပ်လုပ်သော ရက် ရှည်ကြာရမည်။ ရက်ကြာရှည် ‘စည်းထွက်’ နိုင်အောင် ငှားရမ်းသူ၏ စိတ်ကြိုက်ကို လုပ်ပေးနိုင်ရမည်။ ယင်းသို့ လုပ်ပေးရန် စည်းသားအပေါ် သြဇာညောင်းရမည်။ သြဇာညောင်းမှ နာမည်ကောင်းမည်။ နာမည်ကောင်းမှ စည်းသားများမည် စသည်ဖြင့် တစ်ကွင်းနှင့် တစ်ကွင်း ဆက်စပ်နေရာ စည်းသားများကလည်း တနေ့ကို တစ်ကျပ်ခွဲထက် ပိုမရသော ကောက်ရိတ်လုပ်ငန်းမှာ ရက်ကြာလုပ်ရမှ ငွေများများရနိုင်မည်ဖြစ်သောကြောင့် သည်စည်းမျိုးကိုမှ ရွေးပြီးလိုက်ကြသည်။ စည်းခေါင်းသဘောမကျ၍ အလုပ်မှ ထုတ်ပစ်လိုက်ပါမူ ဤစည်းမျိုးကို တွေ့ချင်မှတွေ့မည်ဖြစ်သောကြောင့် ကျိုးနွံကြသည်။
စည်းသားများနှင့် ငှားရမ်းသူများထံ နှစ်ဖက်ပေါင်းခေါင်းတွက်ကို ရရှိသည်မှာ ကိုပွကြီးအဖို့ မှန်သော်လည်း စည်ဗြောတီးကာ ၀င်ပြီး ၊ ခေါင်းမြီးခြုံ၍ ထွက်ခံရခြင်းကိုကား မသိကြလေကုန်။ ကောက်ရိတ်စည်း မထွက်မီတည်းက စည်းသားများကို ငါးကျပ်ဖိုး ၊ တစ်ဆယ်ဖိုး စသည်ဖြင့် ဆန်သော်လည်းကောင်း ၊ ငွေသော်လည်ကောင်း ထုတ်ပေးထားရာ ညစ်ပတ်သောသူများက ငွေတစ်ဆယ်ယူပြီး တရက်နှစ်ရက်ခန့်သာ သူ့စည်းတွင်လိုက်၊ နောက်ရက်များတွင် မလိုက်ဘဲနေပါက ကိုပွကြီးအဖို့ ထိပ်ကွက်ခံရခြင်းလည်းဖြစ်၏။ ခေါင်းမြီးခြုံ ထွက်ခြင်းလည်း မည်ပေသည်။ တစ်ဖန် ငှားရမ်းသူ လယ်သမားများတွင် ကျပ်တည်း ကျဥိးမြောင်းနေပါမှု ကောက်ရိတ်ခကို အလီလီချွေ၍ တောင်းခံနေရသည်။ စည်းခေါင်းက တော့ လက်ငင်းစိုက်ထုတ်၍ စည်းသားများကို ပေးချေပြီးသားဖြစ်သည်။ ကောက်ရိတ်ခများမှာ အလီလီတောင်းရလွန်းသဖြင့် တောင်းသူက လက်လျှော့လိုက်ရသည့်အခါများလည်းရှိသည်။ တစ်နှစ် နှစ်နှစ်ကြာသွားသဖြင့် မေ့သွားသည့်အခါများလည်းရှိသည်။
၎
နေမြင့်နေသည်နှင့်အမျှ နေရောင်ခြည်၏ စူးရှမှု့က ထန်းသည်းလာသည်။ ကောက်ရိတ်သမား ရိတ်ဖြတ်သည့် အခါတွင် လွယ်ကူစေရန် ကောက်ပင်များကို လေနှင့် အလိုက်သင့် ၀ါးဖိ၍ လှဲထားရရာ ၀ါးလှဲသူ၏ ခြေသွားလမ်းကြောင်းကလေးများေ၇ွှရောင်တောက်နေသော ကောက်သားထဲမှ ထင်းထင်းကလေး ပေါ်နေပေသည်။
ကောက်ပင်ခြေသို့ တံစဉ်ဦးနှင့် ထိုးသွင်းဆွဲယူလိုက်ပြီး ဖြတ်မည့်နေရာတွင် ဘယ်လက်နှင့် ဖမ်းကိုင်ကာ လက်ဖနောင့်ကို ပွတ်၍ ဆွဲဖြတ်လိုက်လေသည်။ ဖြတ်ပြီသားကောက်ပင် အနှံဘက်ကို တံစဉ်နှင့် ထိန်း၍မရွှေ့ကာ နောက်ရိတ်မည့်နေရာတွင် ထိန်းထားသော တံစဉ်ဦးကချလိုက်ပြီး နောက်ထပ်ဆွဲယူလိုက်သော အပင်နှင့်ပေါင်းကိုင်၍ ဖြတ်ယူလိုက်ပြန်သည်။လက်တဆုပ်ကိုကိုင်၍ ဖြတ်ယူလိုက်ပြန်သည်။
လက်တဆုပ်ကို ကိုင်၍ မနိုင်မှ တလှိုင်းစာပုံကလေးပေါ်မှာ သွားချထားလိုက်သည်။တလှိုင်းစာပြည့်သွားက စပါးနှံခေါင်းချင်းဆိုင် ဘွဲ့လုပ်ပြီး မြေမှာ ချခင်းလိုက်ကာ ထပ်မံရိတ်ရိတ်ဖြတ်ပြီး တင်လိုက်ပြန်၏။ ကြာလျှင် ခါးက ကိုက်လာတော့သည်။ရင်ထဲမှာ နာ၊ လက်မောင်းတွေ အောင့်ပြီးလက်ဖနောင့်တွေက ကြိမ်းလာပြန်သဖြင့် ခါးကို တဖြည်းဖြည်းချင်းဆန့်ပေးကာ လေကို အားရပါးရ ရှူရှိုက်လိုက်ရတော့သည်။
“ချစ်တဲ့သူ ဘယ်မှာရှိတယ်၊ ကြိုက်တဲ့သူ ဘယ်မှာရှိတယ်၊ လောကီသဘော အတောမသတ်နိုင်တယ်ဈ ပြောရမှာက ဟီ….ဟီ ရှက်စရာကောင်းပါတယ်….”
“မရှက်ပါနဲ့ကွာ…..မရှက်ပါနဲ့။ ဃရာဝါသသမ္ဗန္ဗဆိုတာဟာ မင်းတို့ ငါတို့တတွေ ရှောင်လို့လွတ်လို့နိုင်တာမှ မဟုတ်လေတော့ ဘယ်သူဆိုတာသာပြောပေရော့…..ပြော….ပြော….”
သီချင်း တစ်ပိုင်းတစ်စကလေးကိုဆိုပြီး ပါးစပ်ဆိုင်းနှင့် တောနေသော အေးမောင်ကို လှဖေက ခပ်တည်တည်သောပေးနေပြန်၏။
နေကပူလာသည့်အမျှ မောပန်းခြင်း နွမ်းနယ်နာကျင်ခြင်းတို့ ဖြစ်ပေါ်လာရာ တေးသီချင်းဖြင့် ကုစားနေကြရ၏၊ လယ်ကွင်းတစ်ခု ကုစားနေကြရ၏။ လယ်ကွင်းတစ်ခုလုံးတွင် ပြီးပြတ်လုလယ်ကွက်ကြီးကို ၀ိုင်းရိတ်နေကြသည့် ဖိုမတို့၏ တေးသံက ညံနေပေသည်။
“ အေးစိန်ရေ သီချင်းကလေးဆိုပါဦး အေရဲ့”
“မဆိုချင်ပါဘူး ကောင်မရယ်”
“ ဆိုစပ်းပါဦးအေ့ ၊ ညည်းအသံက ဟင်….ဘာဖြစ်သွား”
“အမေရေ ကျွတ်…ကျွတ်”
အေးစိန်မှာ စကားပြောရင်း မျက်စိကိုမှိတ် ၊ အံကိုကြိတ်၊ ညည်းညူးရင်း အရုပ်ကြိုးပြတ်သလို ခွေကျသွားရာ စကားပြောနေသော အေးမြိုင်က ပြေး၍ ပွေ့ကာ “မသန်း ….မသန်းလာပါဦး” ဟု လှမ်းခေါ်လိုက်မှ အေးစိန်ကို မြင်မိကြပြီး ပြေးလာ ၀ိုင်အုံနေကြတော့သည်။
အေးစိန်၏ ခြေမအရင်းပိုင်းတွင် သွေးများ ယိုကျနေကာ ပိုးကောင်းများလည်း အေးစိန်လွတ်ကျသွားသော တံစဉ်နားတွင် အခွေမပျက် ရှိမြဲတိုင်းရှိနေသည်။
“ကဲ…မြန်မြန်လုပ်ကြ’
မကျီးဒန်ရောက်လာပြီး အပေါ်မှ ထပ်ဝတ်လာသော ထဘီအညစ်နဲ့ အေးစိန်ကို အုပ်လိုက်သည်။
“မကျီးဒန်တို့က အရှင်မကို မတင်ကြ မမြှောက်ကြဖူးတူတယ်။ ဟုတ်ပါပြီ၊ ဒါကြောင့် ကိုင်တာပါပဲ။ တိုက်မြွေဆိုတော့ မသက်သာဘူး”
သုံးဆယ့်ငါးနှစ်ရွယ် မအေးဂေါင်းက ရေရွှတ်ပြစ်တင်လိုက်ရာ “တင်ပါတယ်တော်။ လယ်ထဲမှာ လည်း လက်ဖက်နဲ့၊ ဒီမှာလည်း ဇီဖြူသီးတွေ ပက်သားပဲ။ ကျုပ်တို့ ခုနတုန်းက စားတာ အဲဒီကလက်ဖက်ပေါ့အရီးရဲ့” ဟု ခါးကြားမှ ဆီဖြူသီး ညကို ပုတ်ပြရင်း မသန်းကပြောလိုက်လေသည်။
“အင်း…….ဒီကောင်မလေးကိုက ကံဆိုးပါတယ်အေ။ ကောက်စိုက်ချိန်တုန်းကလည်းဖျားလိုက်တာ၊ ရွာချမှပဲ ပျောက်သွားတော့တယ်။ တလောတုန်းကလည်း သွေးစုနာပေါက်၊ မနေ့တုန်းကလည်း နွားကန်၊ ဟော အခုလည်း ဖြစ်ပြန်ပြီ။ ဒီကောင်မလေးက ကံကို ဆိုးလှပါပေတယ်အေတို့ရယ်။ ဘုရားသိကြားမလို့ ချမ်းသာပါစေတော်”
ကိုဆေးရိုး၊ ကိုပွကြီး နှင့် မကျီးဒန်တိုက အေးစိန်ကို ထမီခြုံ၍ ပွေ့ယူသွားကြရာ မအေးဂေါင်းက ညည်းညူရေရွတ်ရင်း ဆုတောင်းနေလေသည်။
စာမျက်နှာ (၈၁-၈၉)
ထပ်မံဖြည့်စွတ်ထားသော
ကိုဆေးရိုး
ဝတ္ထုတိုပေါင်းချုပ်
၂၀၁၃၊ သြဂုတ်လ၊ ပထမအကြိမ် ၊ အုပ်ရေ ၅၀၀
စိတ်ကူးချိုချိုစာပေမှ ထုတ်ဝေသည်။
မြန်မာဝတ္ထုတိုများမှ

Comments
Post a Comment